Wednesday, July 18, 2018

အမှန်တရား လိုသူများ

" အမှန်တရားလိုသူများ "


ရေကြည်ရှာ မွှေနှောက်ဖို့

ရေနောက်သို့ ဆင်းသူ။

ရေအောက်မို့ ကြည်လိမ့်နိုး

ပိုဆိုး ညွှန်ထူ။

ချွဲပြစ်ပြစ် မကြည်ဖြူ

မဲမိုက်မြူ ညစ်ထေး။

မိုက်သလွန် ဒိုက်ညွှန်တွင်းဝယ်

ဆင်းတဲ့ ဖြစ်လေး။ ။


" လွဲမှားခြင်း "


လူပညာ မြတ်တရား

စိတ်ထားကောင်းချင်သူ။

မိုက်တကာ့ မိုက်ခေါင်ထွတ်

ပေါင်းညွှတ် ရည်တူ။

ရပါလိမ့် မိုက်အယူ

ကြိုက်သူတွေ သို့ပဲ။

အမှား၌သာပါ့

တရားရှာ ညွှန်လည်ရင်းကို

ဆင်းနစ် မြုပ်ဆဲ။ ။


" ဆွဲချ "


ကွယ်သူတွေ မြတ်တရား

အစပ်နား မလာချေ။

ကြည်ရေစင် ဘယ်မချစ်

နွံနစ် သူတွေ။

မိုက်တကာ့ အခေါင်ဘွေ

ညွှန်ရေမှာ ပျော်ပွဲ။

ရေကြည်တောင် ညွှန်ရောင်တောက်အောင်

ရောနှောက် လိမ့်မြဲ။ ။


" မသူတော် "


အသူရာ သေရေများ

ကြည်သလား လို့ကွယ်။

ထင်အမြင် ယူဆမှား

တရား မှတ်တယ်။

အလိုကွယ်

သည်တစ်မယ် သူတော်ကောင်း။

အဆိပ်ရေ အပြည့်ဖုံးတဲ့

ရှုံးသတ္တိ လောင်း။ ။


" ထိပ်ချလျှင်သိနော် "


အက်ဆစ်ရည် အပြင်းစား

တရားဟု မှတ်သော်။

ညွှန်ကမ္ဘာ လောဘတောဝယ်

ရောနှော လို့ပျော်။

အော်သူတွေ အော်

ဆော်သူတွေ လောင်မြိုက်ဆဲ။

မှတ်စရာ မှန်တရားက

လောင်စား လှိုက်မြဲ။ ။


" ဘေးလွတ်ပါစေ "


မေတ္တာကို ရင်ဝယ်ထားက

ဖယ်ရှားခံရမလေ။

လူ့အစွယ် လူ့ဘီလူးတို့

လက်ဦး ချိန်တွေ။

ရှောင်နိုင်စေ

မပြိုင်လေ ပါစေနှင့်။

သံသရာ သည်ဝဋ်ဘေးကို

တွေးသတိ ချင့်။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment