Thursday, July 19, 2018

အင်အား



" အင်အား "


သံသာယာ ရွှေဥဩ

ဥဩဥဩ ရယ်တဲ့အော်။

ဖော်မပါ အမျှော်ထောက်

ကိုင်းခြောက်ရဲ့ အပေါ်။

သင်းကွဲငှက် ဥဩသော်

တမ်းတခေါ် အမြဲ။

လွန်တိတ်ဆိတ် သစ်ရိပ်ညိုမှာ

လွမ်းပိုလို့ချွဲ။ ။


ရွှေကျီးညို တေးဆိုက

နားဝမှာ မသာယာ။

အုပ်စုဖွဲ့ ပေါင်းစုံထား

တအားအား နှင့်သာ။

ဘုံရန်သူ အံတုရာ

ပေါင်းစုလာ အများ။

အမြင်မည်းပေမယ့်

ယှဉ်တွဲကာ ဖေးကူဝိုင်းတယ်

သိုင်းဖွဲ့အင်အား။ ။


နာမည်မှာ ဟုန်းဟုန်တောက်

ဝုန်းဝုန်းဟောက် ရွှေကျားမောင်။

အားကောင်းတဲ့ ကြွက်သားဆောင်

နွားတကောင် ကိုက်ချီရုန်းတောင်

ပြုံးမပျက်ပေါင်။

အားကြီးတဲ့ အကောင်လည်းမရှောင်

တစ်ကိုယ်တော်တစ်ကောင်ကျား။

မတစ်ထောင် တစ်ကောင်ဘွားတွေကွဲ့

ကျားဆိုမှကျား။ ။


ရွှေခြင်္သေ့ ဆိုပါက

နဂိုလှ တသွေးတမွေးသာ

လည်ဆံမွှေး ရွှေရောင်ဖြာ။

တောင်သုံးလုံး တောသုံးလီ

မြေမဟီ စုံမြိုင်မျိုးကို

ပိုင်စိုးတဲ့ ရာဇာ။

ဝုန်းကနဲ ဟိန်းဟောက်လာ

ဒူးဘယ်ညာ ပြိုဆင်း။

စုပေါင်း ညီညာ ဓလေ့ကွဲ့

မင်းခြင်္သေ့ သားရဲစုမှာ

အားပြုဖြိုခွင်း။ ။


ကျားဆရာ ကြောင်ပါကွဲ့

တစ်ကောင်ထဲ အစာရှာ။

နယ်ချဲ့ကာ မိတ်လိုက

ဗိုလ်ကျတတ်တာ။

မှောင်မည်းတဲ့ ဟိုချောင်မှာ

ချောင်းမြောင်းကာ ဝပ်ဆင်း။

တအိမ်ထဲ အတူနေပေမယ့်

မူကွဲစွာ အတူမတွဲတယ်

ကွဲပြားစိတ်ရင်း။ ။


မြေခွေးညို ခွေးအနှင့်

အိမ်မွေးလှ ခွေးမကျန်

ဝိုင်းဖွဲ့လို့ အူသံ။

တကောင်အူ တကောင်ဆက်လို့

ပွက်ပွက်ဆူညံ။

အ ကာလ ညသန်းခေါင်ယံ

ခွေးအူသံ သဘင်နွဲ။

အုပ်စုဖွဲ့ စွယ်စုံသွားတို့ရယ်

ကြောက်ဖွယ့်သားရဲ။


ရေဘဝဲ

သားရဲကွဲ့ ငါးမန်းဟာ

ရေသတ္တဝါ။

ပင်လယ်ပြာ သမုဒ္ဒရာ

နက်ရှိုင်းသည့် အဏ္ဏဝါ။

တစ်ကောင်ထဲလည်း နေတတ်တာ

အားမာန်မှာ ပြိုင်ဘက်ကင်း။

ရေဘုရင် သူတို့နန်းမှာ

ဝမ်းစာဖြည့်တင်း။ ။


ရေထဲနေ အုတ်စုလိုက်

ငါးသိုက်နှင့် လင်းပိုင်။

များလိုက်သည့် ဘုံစနက်

ရေတွက်ဖို့ မနိုင်။

ချောင်းမြောင်းကန် ဆည်အင်းအိုင်

ပင်လယ်အိုင် သမုဒ်ထဲ။

သိုက်မြုံယံ အုပ်စုကောင်းတယ်

ပေါင်းစုနေမြဲ။ ။


လူတွေလည်း

လူထဲကလူ။

သတ္တဝါ ပညာမှီးတဲ့

ဉာဏ်ကြီးတဲ့သူ။

အတ္တလည်း ကြီးမားသူ

များဗိုလ်လူ ခပင်း။

ဤကမ္ဘာ တလွှားမှာဖြင့်

အင်အားခိုင် ယှဉ်နိုင်ခက်သည့်

တုပြိုင်ဘက်ကင်း။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

No comments:

Post a Comment